Wednesday, July 30, 2008

အလင်းမဲ့ဒီဇင်ဘာ

နေခြည်ရဲ့ရင်ထဲကကဗျာလေးပါ.........
ဒီဇင်ဘာညနေခင်းတစ်ခုမှာပေါ့
ကိုယ်ပိုင်ဆိုင်တဲ့ပန်းခင်းလေးရယ်...
လွတ်လပ်စွာပျံဝဲနေကြတဲ့ငှက်ကလေးတွေရယ်
ဘုရားကျောင်းကခေါင်းလောင်းသံတွေရယ်
ဟိုး....အဝေးကိုမျှော်ကြည့်လိုက်ရင်တော့
စတော်ဘယ်ရီခင်းစိမ်းစိမ်းလေးတွေရယ်
ပန်းခင်းတွေရဲ့အဆုံးမှာတော့........
စိမ်းစိုမှိုင်းညို့နေတဲ့တောင်တန်းကြီးတွေရယ်
ဒီဇင်ဘာညနေခင်းလေးကို
အလှဆင်ထားကြလေရဲ့.....
ပန်းတို့သခင်တစ်ယောက်ရဲ့ရင်ထဲမှာ
ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ပုံရိပ်တစ်ခုကိုတမ်းတရင်း
ပန်းခင်းလေးထဲမှာပဲအလွမ်းတွေအတွက်
မြှုပ်နှံခဲ့ရတယ်........................။
မဆုံနိုင်တော့မှန်းသိပါတယ်ကွယ်...
ရင်ထဲကအလွမ်းတွေအတွက်
အသဲကွဲညနေခင်းဆိုတာတွေလဲ
ဒီဇင်ဘာအသိဆုံးပါ................။
အဲဒီလိုနဲ့...............................
နင့်အကြောင်းတွေတွေးလိုက်မိတိုင်း
ရင်ခုန်သံဟာအတောင်ပံတပ်လို့
ငါ့ရင်ထဲကအလွမ်းတွေ..............
ဟိုး......ကောင်းကင်အဆုံးထိ
ပြေးသွားလိုက်တာ....
မီးခိုးမဆုံး......မိုးမဆုံးပါပဲ...ချစ်သူရယ်..........။

နေခြည်နုနု


Tuesday, July 29, 2008

ချစ်သူ

နေခြည်နှစ်သက်တဲ့ကဗျာလေးကိုအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်...။



မျက်စေ့မှိတ်ထားပါလျှက်

ကောင်ကင်ကိုသတိရသည့်အခါ...

တိမ်များကိုမြင်နေရပါသည်...

အလွန်ဝေးကွာသည့်အရပ်သို့ရောက်နေပါလျှက်

ပင်လယ်ပြာကိုစဉ်းစားမိသည့်အခါ...လှိုင်းပုတ်သံကိုကြားယောင်နေတက်ပါသည်...

အခန်းကျဉ်းထဲမှာအိပ်နေပါလျှက်...

ဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ

နှင်းဆီရနံ့ကိုခံစားရရှိနေတက်ပြန်သည်...

သေဆုံးသည်အထိ

မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ

(ငါ့)ချစ်သူသာဖြစ်ပါ၏။


မောင်စိန်ဝင်း-ပုတီးကုန်း




Monday, July 28, 2008

နှလုံးသားဖြင့်ရေးခဲ့သည်.....







(ကျမလူ့လောကထဲ၌သိတက်စအရွယ်.....)




ကောင်းကင်ကြီးတစ်ခုလုံးကလဲပြာလွင်နေလိုက်တာ...

ငွေနှင်းမြူတိမ်တို့ကလဲ...အေးမြစွာလွှမ်းခြုံလို့...

ကျမတို့ခြံဘေးပတ်ပတ်လည်ကသဇင်ဖြူဖြူတွေကလဲ

သင်းထုံမွှေးပျံ့နေလိုက်တာ....အဲဒီအချိန်မှာ...

တစ်တောက်တောက်ပြေးလွှားနေတဲ့

သူ့မြေးမလေးကို...ဖိုးဖိုးနဲ့ဖွားဖွားက တစ်လှည့်စီထိမ်းကျောင်းရင်းပေါ့

ထမင်းလေးတစ်ဇွန်းဝင်စေဖို့ ချော့မြှူရတာလဲအခါခါ...

သူ့တို့ခမျာမမောနိုင်ရှာခဲ့ဘူး။

ဖေဖေ၊မေမေတို့မေတ္တာတွေထပ်လောင်း အကြင်နာမောတ္တာတွေပေါင်းလိုက်တဲ့အခါ...

အို...ကမ္ဘာလောကကြီးရယ်.........

ဘ၀ဟာပျော်ရွှင်ငြိမ်းချမ်းမှုတွေအပြည့်နဲ့ပါလား။

(ကျမလူလားမြောက်တဲ့အရွယ်...)
ပထမနှစ်စာမေးပွဲဖြေပြီးလို့ပြန်လာခဲ့တယ်
ကောင်းကင်ကြီးကလဲမှုန်မှိုင်းနေလိုက်တာ
ငွေနှင်းမှုန်တို့ကလည်းပိန်းပိတ်အောင်လွှမ်းခြုံနေလိုက်တာ

သဇင်ဖြူပန်းခြုံကြီးကလဲလွမ်းမောဖွယ်ကောင်းအောင်သင်းထုံနေလိုက်တာ

အဲဒီအချိန်မှာပေါ့..ကျမချစ်တဲ့ဖိုးဖိုးကလဲသူချစ်တဲ့မိသားစုကို

အပြီးတိုင်ထားရစ်ခဲ့တယ်။

သူအချစ်ဆုံးမြေးမလေးကိုတောင်နှုတ်ဆက်ခွင့်မရလိုက်ရှာဘူး.....။

သူချစ်တဲ့ကျေးရွာလေးကိုလည်းစိတ်ချစွာထားရစ်ခဲ့တယ်...။

ရပ်ရွာကကိစ္စအ၀၀ကိုတာဝန်ယူဖြေရှင်းပေးရန်လိုအပ်သည့်အခါတိုင်း

တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်တဲ့ဒက္ခိဏသာခါဗုဒ္ဓပူဇနိယပွဲတော်ကြီးနီးတိုင်း

တန်ခူးလသင်္ကြန်ရောက်လျှင်အသံမစဲမဟာပဌါန်းရွတ်ဖတ်ပူဇော်ပွဲကြီးနီးတိုင်း

ဖိုးဖိုးကိုလွမ်းဆွတ်တမ်းတနေကြရတော့မည်...။

အသက်အရွယ်အိုမင်းလာသည်နှင့်အမျှ

ငေးငိုင်တွေးတောမနေတက်ပဲဘုရားစာလေးကိုအမြဲရွတ်ဖတ်နေတက်သည့်

ဖွားဖွားကိုကျမသိပ်ချစ်ပါသည်...။ဖွားဖွားနှင့်ခွဲခွာရမှာကိုလည်းသိပ်ကြောက်ခဲ့ပါသည်။

တစ်ခါတစ်ရံမှာဖွားဖွားရဲ့ရှုံ့တွတွ...လက်ချောင်းလေးတွေကိုဖေးကူရင်း

ဖွားဖွားကျမလက်ကိုအားကိုးတစ်ကြီးဆုတ်ကိုင်ထားလျှင်

ကျမတိတ်တိတ်လေးမျက်ရည်ကျမိပါသည်...။

အို...ကမ္ဘာလောကကြီးရယ်...

ခုတော့လဲလောကကြီးမှာဝမ်းနည်းစရာတွေအပြည့်နဲ့ပါလား။

(ကျမနောက်ဆုံးနှစ်တစ်ဝက်ပြီးချိန်...)

လာကြိုနေကြဖေဖေနဲ့မေမေကကျမကို လာမကြိုနိုင်ကြဘူး

ဖွားဖွားရဲ့နောက်ဆုံးခွဲခွာခြင်းအချိန်ဆိုတာအိမ်ရောက်မှသိခဲ့ရတယ်

တစ်ချိန်ကရောက်မှာကြောက်ခဲ့နေ့ရက်ကိုတစ်ကယ်ပဲရင်ဆိုင်ခဲ့ရပေပြီ။

ရင်ထဲမှာဘယ်လိုဖြေသိမ့်ရပါ့မလဲဆိုတာကို...

အဲဒီအချိန်က ကျမတွေးတောင်မတွေးတက်ခဲ့ဘူး

ခါတိုင်းကျမ၀ယ်လာနေကျ

ဖွားဖွားကြိုက်တက်တဲ့ စပစ်သီးခြင်းတောင်းလေးကိုလက်မှာကိုင်ရင်း

ဖွားဖွားနဲ့ကျမတို့မြေးအဖွားနှစ်ယောက်အိပ်တဲ့ကုတင်လေးထက်မှာ

ကျမလေ...သဲသဲထန်ထန်ငိုကြွေးခဲ့မိတယ်.....။

ကျမပြန်လာမဲ့နေ့တွေကိုသူ့ရဲ့ရှိစုမဲ့စုမှတ်ဥာဏ်လေးနဲ့

စောင့်စားခဲ့တဲ့နေ့ရက်တွေကိုဖွားဖွားငြီးငွေ့သွားတာလား

မနက်မိုးလင်းလို့သနပ်ခါးညက်ညက်လေးလိမ်းပြီးတိုင်း

ဘုရားကိုရေချမ်းကပ်ခြင်း၊ဆွမ်းတော်တင်ခြင်း

သဇငိပန်းလှလှလေးတွေကိုကိုယ်တိုင်စိတ်တိုင်းကျတင်ခြင်း

သံဃာတော်တွေကို ဆွမ်းလောင်းခြင်းစတဲ့သူ့ရဲ့ဝေယာဝစ္စလေးတွေကို

အမြဲဝတ္တရားမပျက်လုပ်တက်တဲ့ဖွားဖွား၊

ရွာက၁နှစ်၁ကြိမ်ကျင်းပပြုလုပ်တဲ့တရားစခန်းပွဲကြီးဖြစ်မြောက်ရေးအတွက်

ဦးဆောင်ကြိုးပမ်းခဲ့သောဖွားဖွား.....

ခုလိုစိတ်သွားတိုင်းကိုယ်မပါတော့တဲ့ဘ၀ကြီးကို

ငြီးငွေ့သွားခဲ့တာလား...ဘာပဲဖြစ်ဖြစ်ကျမတို့မိသားစုလေးကိုတော့

အပြီးတိုင်နှုတ်ဆက်သွားခဲ့သည်မှာ၆နှစ်တိုင်တိုင်ရှိခဲ့ပေပြီ...။
(ကျမလူ့လောကရဲ့အကြောင်းကိုနားလည်နိုင်သောအရွယ်...)

ဖိုးဖိုးနဲ့ဖွားဖွားတို့ခေါင်းချခဲ့သောကျမ၏မွေးရပ်မြေလေးမှခွဲခွာလာခဲ့သည်မှာလဲ

အချိန်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်သည်...။ကျမတို့မိသားစုသည် အဖိုးအဖွားတွေမရှိတော့တဲ့နောက်

မိသားစုစီးပွားရေးနှင့်ကျမ၏ရှေ့ရေးအတွက် မွေးရပ်မြေကိုအပြီးတိုင်နှုတ်ဆက်ခဲ့ကြရသည်...။

ကျမမေမေနဲ့ဖုန်းပြောသည့်အခါတိုင်း .....
'မေမေ...ဒီတစ်ခေါက်သမီးမြန်မာပြည်ပြန်လာရင်ငယ်ငယ်က

သမီးတို့အိမ်လေးမှာခဏလောက်ပြန်နေချင်တယ်'ဟု...မေ့မေ့ကိုအမြဲပူဆာဖြစ်ပါသည်။

ရင်ထဲမှာငယ်ငယ်ကအိမ်လေးကိုပြန်ရတော့မယ်ဆိုတဲ့အသိနဲ့....ကြက်သီးမွှေးညှင်းလေးများပင်ထကာ

စိတ်လှုပ်ရှားစွာခံစားမိသည်...။ကျမတို့အိမ်ကိုပြန်တဲ့အခါ.....

သေချာတာတစ်ခုကတော့...............

ပြာလွင်သောကောင်းကင်ကြီးကလဲအသက်မဲ့စွာ...

ဆီးကြိုနေရှာပေလိမ့်မည်...။

ဆီးနှင်းမြူတိမ်တို့ကလဲလွမ်းမောစွာဝေမြဲဝေနေပေဦးမည်။

ရွာထိပ်ကစမ်းချောင်းလေးသည်လည်း

တိတ်ဆိတ်ငြိမ်သက်စွာစီးဆင်းနေပေလိမ့်မည်...။

ကျန်ရစ်ခဲ့သောဘိုးဘွားပိုင်ခြံလေးသည်လည်းဝမ်းနည်းအားငယ်နေပေလိမ့်မည်....။

ဘယ်လိုပဲဖြစ်ဖြစ်ရွာနဲ့မလှမ်းမကမ်းထနောင်းပင်ကြီးအောက်က

အုတ်ဂူဖြူဖြူလေးနှစ်ခုကတော့ကျမရဲ့

လွမ်းဆွတ်ခြင်းတွေအတွက်...နွေးထွေးစွာနှစ်သိမ့်ပေးနိုင်လိမ့်မည်ဟုယုံကြည်မိပါသည်...။


(ကျမချစ်သောဖိုးဖိုးဦးသာဦးနှင့်ဖွားဖွားသန်းတို့အား တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့်
ဤစာကိုရေးသားတင်ပြပါသည်။)
စာဖတ်သူအားလုံးမျှဝေခံစားပေးနိုင်ကြပါစေဆန္ဒပြုရင်း.......

နေခြည်နုနု










ဆွတ်ပျံ့ရော်ရည်...မောချယ်ရီ






ချယ်ရီမြို့ရေ....ခွဲခွာခဲ့ရတဲ့နှစ်ကာလတွေကြာမြင့်ခဲ့ပေမယ့် ကိုယ့်အတွက်တော့မနေ့တစ်နေ့ကလို ပါပဲ...ငါ့ရဲ့ရေရှည်မျှော်လင့်ချက်တွေအတွက်...အရာအားလုံးကိုကျောခိုင်းခဲ့ပေမယ့်...ကိုယ့်ရင်ဘတ်ထဲမှာတော့ချယ်ရီပန်းတွေအဆုတ်လိုက်...အဆုတ်လိုက်ဝေနေခဲ့တာပါ...ပူပြင်းခြောက်သွေ့လွန်းတဲ့သဘာတရားတွေကိုတိုးတက်ချမ်းသာမှုတွေနဲ့
အရောင်ပြောင်းထားတဲ့ဒီလိုနေရာမျိုးမှာတစ်ဒင်္ဂလေးမှမပျော်မွေ့ခဲ့ရပါဘူး။တစ်ကယ်ကိုယ်ရှင်သန်ခဲ့တဲ့ဘ၀က...အဲဒီလိုအတုအယောင်တွေမှမဟုတ်ခဲ့ပဲကွယ်...။ဘာပဲဖြစ်ဖြစ် နှင်းမိုးတွေစွေတဲ့ ခုလိုရာသီမျိုးမှာဆိုရင်...ပိုလို့လွမ်းဆွတ်မိခဲ့တယ်...။ချစ်တဲ့ဆောင်းရယ်...ရာသီတွေတစ်ပတ်ပြီးတစ်ပတ်လည်တိုင်း ပိန်းပိတ်အောင်နှင်းတွေဝေခဲ့ပေမယ့် ကိုယ်ကတော့ မင်းရဲ့အငွေ့အသက်လေးတွေနဲ့လဲ
ဝေးခဲ့တာကြာပါပြီ။ဘာပဲဖြစ်ဖြစ်ကိုယ့်ရင်ထဲမှာတော့ အလွမ်းဆိုတဲ့နှင်းတွေ ထာဝရဝေနေခဲ့တာပါ...
ချယ်ရီမြို့ရေ...ဘယ်အရာတွေဘယ်လောက်ပင်ပြောင်းလဲခဲ့ပေမယ့်...မပြောင်းလဲသေးတဲ့ငါ့နှလုံးသားထဲကလျှို့ဝှက်ခြင်းတွေလဲ မင်းပဲသိခဲ့တာပါ...။တောင်ပတ်လည်ဝန်းရံကာဆီးနေတဲ့....မက်မန်းတွေလှိုင်လှိုင်ပေါတဲ့....ငါချစ်တဲ့ ချယ်ရီမြေ.....တစ်နေ့နေ့မှာမင်းဆီကိုရောက်အောင်လှမ်းခဲ့မယ်နော်...ဥပေက္ခာပြုနိုင်တဲ့လူတစ်ယောက်ကိုရင်ထဲမှာတမ်းတရင်း...ပေါ့။ဘယ်သူမှမမြင်နိုင်တဲ့ရင်ထဲကအလွမ်းတွေ...နှစ်ပေါင်းများသိမ်းဆည်းထားခဲ့ရတဲ့...ငါ့ရင်ထဲကငိုရှိုက်သံတွေကိုလွတ်လပ်စွာ...ဖွင့်ဟရင်းပေါ့။လွမ်းစရာ့ချယ်ရီမြေရယ်...ငါ့အလွမ်းတွေကိုနှစ်သိမ့်ပေးနိုင်တဲ့.....ရင်ခွင်ဟာမင်းပဲရှိလို့ပါ။
ငါ့ရဲ့မျက်ရည်စတွေ...မြင်ရတဲ့အခါ...စိတ်မကောင်းမဖြစ်ပါနဲ့လား...ချယ်ရီရယ်...
ငါရဲ့ဟန်ဆောင်မြိုသိပ်ခဲ့ရခြင်းနေ့ရက်တွေ...မရေမတွက်နိုင်တော့လို့ပါ...။
ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းလှတဲ့...မောချယ်ရီရေ...
မင်းကိုစတင်ကျောခိုင်းခဲ့တဲ့ရက်စွဲလေးကစပြီး.......အစွဲအလမ်းကြီးသူတစ်ယောက်ရဲ့ရင်ထဲမှာ
နာလံမထူနိုင်အောင်လွမ်းမောရင်း....လောကဓံအချိုးအကွေ့တွေကိုဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာ.....။

Sunday, July 27, 2008

မေတ္တာနှင့် သုခချမ်းသာစစ်ကိုရှာဖွေခြင်း

"မေတ္တာနှင့်သုခချမ်းသာစစ်ကိုရှာဖွေခြင်း"ဟူသောခေါင်းစဉ်လေးကို
ဖော်ပြရခြင်း၏အဓိကရည်ရွယ်ချက်မှာ.....
"လောကတွင်ကြီးပွားကြောင်း၊ပျက်စီးကြောင်းတို့မှာမေတ္တာတရားသာလျှင
်အကြောင်းရင်းဖြစ်ကြောင်း
သိရှိနားလည်စေရန်ဖြစ်ပါသည်။ကျမတို့အထူးလေးစားကြည်ညိုသော
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးကလည်းလောကကြီးထဲမှာ
မေတ္တာလောက်ကောင်းတာဘာမှမရှိဘူးမေတ္တာဟာလောကကြီးတစ်ခုလုံးမှာတန်ခိုးအထက်ဆုံး၊
အချမ်းသာဆုံးတရားကြီးပဲချမ်းသာမှုတကာတို့တွင်ဘယ်ချမ်းသာနဲ့မှမတူဘူး
မေတ္တာတရားကိုသာစွဲစွဲမြဲမြဲလက်ကိုင်ထားနိုင်ရင်သံသယာကျင်လည်ရသည့်တိုင်အောင်.....ဘာမှကြောက်စရာမရှိဘူး"ဟုညွှန်ပြဆုံးမတော်မူခဲ့ပါသည်။ထို့ကြောင့်ကျမတို့လူငယ်အများစုအနေဖြင့်
(အထူးသဖြင့်)
နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေသူများ၊ပညာသင်ကြားနေသူများသည်အခက်အခဲပေါင်း၊
ဒုက္ခပေါင်း ပေါင်းမြောက်များစွာတို့ကိုလက်တွေ့ရင်ဆိုင်နေကြရသည်။ထိုရင်ဆိုင်နေရသောpressureပေါင်းများစွာတို့ကိုကြံ့ကြံ့ခံနိုင်သည့်လက်နက်မှာမေတ္တာတရားသာလျှင်ဖြစ်သည်။
မေတ္တာလက်နက်သည်သာအရာရာကိုကျော်လွှားနိုင်ကြောင်း
သူငယ်ချင်းအားလုံးကိုအကြံပေးလိုပါသည်။ထိရောက်သောမေတ္တာပို့ခြင်းသည်သာ
အကောင်းဆုံးဖြစ်၏။
ထိုကဲ့သို့မေတ္တာတရားပွားများရာတွင်အထူးမှတ်သားရမည့်အရာများမှာ-သူများအကျိုးပျက်စီးစရာကိုဘယ်သောအခါမှမလုပ်နှင့်၊မပြောနှင့်၊မကြံနှင့်၊
ကြမ်းတမ်းသောစကားကိုမဆိုနှင့်။မေတ္တာနှင့်ယှဉ်သောစိတ်ကိုဖြစ်စေရမည်။
အကောင်းကြံအမှန်လုပ်၊အဟုတ်ပြော။ ယခုလက်ရှိအချိန်ထက်ကောင်းသောအချိန်မရှိ။
ဟူသောမင်းကွင်းဓမ္မနာဒဆရာတော်ဘုရားကြီးချမှတ်ပေးခဲသည့်လမ်းစဉ်အတိုင်းဖြစ်ပါသည်။
နောက်တစ်ခုအနေဖြင့်-မေတ္တာတရားနှင့်သဒ္ဓါ(ယုံကြည်ခြင်း)မှာလည်းအထူးဆက်စပ်နေပုံကိုအနည်းငယ်ပြောပြချင်ပါသည်။
အဘယ်ကြောင့်ဆိုသော်-မေတ္တဘာဝနာအောင်မြင်စေရန် အဓိကလိုအပ်ချက်မှာ
ယုံကြည်မှုသဒ္ဓါပင်ဖြစ်ပါသည်။အရာရာတွင်သဒ္ဓွါတရားမည်မျှအရေးပါကြောင်းသိသာစေရန်
်မိလိန္ဒာပဥှာပါဠိတော်တွင်-သဒ္ဓွါတရားဟူသည်လိုရာဝယ်ယူနိုင်သောအဖိုးငွေနှင့်တူ၏ဟု ဟောကြားတော်မူခဲ့ပေသည်။အချိန်ရလျှင်သဒ္ဓါတရားနှင့်ပတ်သက်ပြီး သီးသန့်ဖော်ပြပေးပါဦးမည်။ကျမတို့လူငယ်လူရွယ်အများစုသည် အမှားအမှန်ကိုတိကျစွာသိရန်ခဲယဉ်း၏၊အမှားအမှန်ကိုစိစစ်ခဲ၏၊
အမှားအမှန်ကိုဝေဖန်ခွဲခြားပြီးပြောခဲ၏။
အမှားကိုပယ်ကာအမှန်ကိုပြုလုပ်ခဲ၏။ထိုခဲယဉ်းခြင်း(၄)မျိုးမှကျော်လွှားနိုင်ရန် မေတ္တာတရားအားကောင်းရန်လိုအပ်ပေသည်။သာသနာကိုမည်သူကစပြီးပြုသင့်သနည်း။
မိမိကစပြီးပြုရပါမည်။မိမိကိုယ်မှာသာသနာမရှိလျှင်သာသနာပြုနိုင်မည်မဟုတ်သကဲ့သို့
မေတ္တာတရားကိုလည်းမိမိကစပြီးပို့ရပေမည်။
မိမိကိုယ်မှာမေတ္တာအပြည့်အဝရှိမှသူတစ်ပါးကိုမေတ္တာပို့လျှင်ထိရောက်ပေလိမ့်မည်။
လူတိုင်းလူတိုင်းတွင်အဆင်ပြေမှု၊မပြေမှုဟုနှစ်မျိုးရှိရာအဆင်ပြေမှုသည်ကုသိုလ်ကြောင့်ဖြစ်၏။
ကုသိုလ်သည်အပူငြိမ်းကာကောင်းကျိုးကိုပေးစေတက်သဖြင့်ရေနှင့်တူ၏။
အကုသိုလ်သည်အပူများကာလောင်ကျွမ်းဖျက်ဆီးတက်သဖြင့်မီးနှင့်တူ၏။
မီးလောင်သောအခါမီးအလျှင်အမြန်ငြိမ်းစေရန်ရေများများလောင်းပေးရမည့်အစား လောင်စာများများထည့်ပေးလိုက်လျှင်ပိုပြီးလောင်ပေမည်။ထို့အတူ...အဆင်မပြေမှုဟူသော အကုသိုလ်မီးလောင်သောအခါကုသိုလ်တည်းဟူသောရေ...မေတ္တာရေများများလောင်းပေးရမည့်အစား ဟိုသူ့ကိုအပြစ်တင်၊ဒီသူ့ကိုအပြစ်တင် ဟိုသူ့ကိုမုန်း၊ဒီသူ့ကိုမုန်း ဒေါသမီးတဟုန်းဟုန်း
တောက်လောင်နေကြလျှင် ငြိမ်းအေးမှုသုခမရနိုင်ပဲပူလောင်ဆင်းရဲမှုဟူသောဒုက္ခသာ
တိုးပွားနေမည်ဖြစ်သည်။ထို့ကြောင့်အဆင်မပြေမှု၏အရင်းခံပြစ်သောအကုသိုလ်မီးကို....အဆင်ပြေမှု၏အရင်းခံဖြစ်သောကုသိုလ်တည်းဟူသောရေဖြင့်များနိုင်သမျှများများလောင်းနိုင်အောင်
ကျမနှင့်စာဖတ်သူတို့ကြိုးစားကြရပေမည်။
သို့မှသာဒုက္ခအပူကင်းကင်းဖြင့် ချမ်းသာအေးမြခြင်းတည်းဟူသောသုခချမ်းသာစစ်ကိုရရှိနိုင်မည် ဖြစ်ပေသည်။

စာဖတ်သူအားလုံး မေတ္တာဖြင့်သုခချမ်းစစ်ကိုရှာဖွေနိုင်ကြပါစေဟု ဆန္ဒပြုရင်း .......

နေခြည်နုနု

ညီမလေး နှင်းမို့မို့ဦး ၏အမှတ်တရ




ကျမ၏ ဘလော့လေး စတင်ခြင်းအထိမ်းအမှတ်အဖြစ်...လာရောက်လည်ပတ်သူများထဲမှ- Nanyang မှာကျောင်းတက်နေတဲ့ ညီမလေး-နှင်းမို့မို့ဦး မှပန်းနုရောင် နှင်းဆီပန်းအိုးလေးကို အမှတ်တရပေးခဲ့ပါတယ်..။ကျေးဇူးတင်ပါတယ်...ညီမလေးရေ...။အမှတ်တရဖြစ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်....။

နေခြည်နုနု

နေခြည်နုနုစတင်ခြင်း



ဘလောက်အသစ်လေးဖန်တီးဖို့ကြိုးစားနေခဲ့တာကြာပါပြီ။ဒါပေမဲ့အရမ်းပဲအချိန်ဆင်းရဲလှတဲ့အခြေ
အနေတွေကြောင့်စိတ်ကူးအတိုင်းလက်တွေ့မလုပ်နိုင်ခဲ့ပါဘူး။ အပိုင်စားရတဲ့sundayလေးကိုအားပြုပြီးကျမရဲnaychinunu.blogspot.comလေးကို27.7.2008မှာစတင်ခဲ့ပါတယ်။စာပေကိုဝါသနာပါလွန်းလို့သာဖန်တီး ခဲ့တာမို့ အားနည်းချက်တစ်စုံတစ်ရာ အတွက် ကြိုတင်တောင်းပန်ပါရစေ.......


Blogspot Template by Isnaini Dot Com Powered by Blogger and Job Search