(ကျမလူ့လောကထဲ၌သိတက်စအရွယ်.....)
ကောင်းကင်ကြီးတစ်ခုလုံးကလဲပြာလွင်နေလိုက်တာ...
ငွေနှင်းမြူတိမ်တို့ကလဲ...အေးမြစွာလွှမ်းခြုံလို့...
ကျမတို့ခြံဘေးပတ်ပတ်လည်ကသဇင်ဖြူဖြူတွေကလဲ
သင်းထုံမွှေးပျံ့နေလိုက်တာ....အဲဒီအချိန်မှာ...
တစ်တောက်တောက်ပြေးလွှားနေတဲ့
သူ့မြေးမလေးကို...ဖိုးဖိုးနဲ့ဖွားဖွားက တစ်လှည့်စီထိမ်းကျောင်းရင်းပေါ့
ထမင်းလေးတစ်ဇွန်းဝင်စေဖို့ ချော့မြှူရတာလဲအခါခါ...
သူ့တို့ခမျာမမောနိုင်ရှာခဲ့ဘူး။
ဖေဖေ၊မေမေတို့မေတ္တာတွေထပ်လောင်း အကြင်နာမောတ္တာတွေပေါင်းလိုက်တဲ့အခါ...
အို...ကမ္ဘာလောကကြီးရယ်.........
ဘ၀ဟာပျော်ရွှင်ငြိမ်းချမ်းမှုတွေအပြည့်နဲ့ပါလား။
(ကျမလူလားမြောက်တဲ့အရွယ်...)
ပထမနှစ်စာမေးပွဲဖြေပြီးလို့ပြန်လာခဲ့တယ်
ကောင်းကင်ကြီးကလဲမှုန်မှိုင်းနေလိုက်တာ
ငွေနှင်းမှုန်တို့ကလည်းပိန်းပိတ်အောင်လွှမ်းခြုံနေလိုက်တာ
သဇင်ဖြူပန်းခြုံကြီးကလဲလွမ်းမောဖွယ်ကောင်းအောင်သင်းထုံနေလိုက်တာ
အဲဒီအချိန်မှာပေါ့..ကျမချစ်တဲ့ဖိုးဖိုးကလဲသူချစ်တဲ့မိသားစုကို
အပြီးတိုင်ထားရစ်ခဲ့တယ်။
သူအချစ်ဆုံးမြေးမလေးကိုတောင်နှုတ်ဆက်ခွင့်မရလိုက်ရှာဘူး.....။
သူချစ်တဲ့ကျေးရွာလေးကိုလည်းစိတ်ချစွာထားရစ်ခဲ့တယ်...။
ရပ်ရွာကကိစ္စအ၀၀ကိုတာဝန်ယူဖြေရှင်းပေးရန်လိုအပ်သည့်အခါတိုင်း
တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်တဲ့ဒက္ခိဏသာခါဗုဒ္ဓပူဇနိယပွဲတော်ကြီးနီးတိုင်း
တန်ခူးလသင်္ကြန်ရောက်လျှင်အသံမစဲမဟာပဌါန်းရွတ်ဖတ်ပူဇော်ပွဲကြီးနီးတိုင်း
ဖိုးဖိုးကိုလွမ်းဆွတ်တမ်းတနေကြရတော့မည်...။
အသက်အရွယ်အိုမင်းလာသည်နှင့်အမျှ
ငေးငိုင်တွေးတောမနေတက်ပဲဘုရားစာလေးကိုအမြဲရွတ်ဖတ်နေတက်သည့်
ဖွားဖွားကိုကျမသိပ်ချစ်ပါသည်...။ဖွားဖွားနှင့်ခွဲခွာရမှာကိုလည်းသိပ်ကြောက်ခဲ့ပါသည်။
တစ်ခါတစ်ရံမှာဖွားဖွားရဲ့ရှုံ့တွတွ...လက်ချောင်းလေးတွေကိုဖေးကူရင်း
ဖွားဖွားကျမလက်ကိုအားကိုးတစ်ကြီးဆုတ်ကိုင်ထားလျှင်
ကျမတိတ်တိတ်လေးမျက်ရည်ကျမိပါသည်...။
အို...ကမ္ဘာလောကကြီးရယ်...
ခုတော့လဲလောကကြီးမှာဝမ်းနည်းစရာတွေအပြည့်နဲ့ပါလား။
(ကျမနောက်ဆုံးနှစ်တစ်ဝက်ပြီးချိန်...)
လာကြိုနေကြဖေဖေနဲ့မေမေကကျမကို လာမကြိုနိုင်ကြဘူး
ဖွားဖွားရဲ့နောက်ဆုံးခွဲခွာခြင်းအချိန်ဆိုတာအိမ်ရောက်မှသိခဲ့ရတယ်
တစ်ချိန်ကရောက်မှာကြောက်ခဲ့နေ့ရက်ကိုတစ်ကယ်ပဲရင်ဆိုင်ခဲ့ရပေပြီ။
ရင်ထဲမှာဘယ်လိုဖြေသိမ့်ရပါ့မလဲဆိုတာကို...
အဲဒီအချိန်က ကျမတွေးတောင်မတွေးတက်ခဲ့ဘူး
ခါတိုင်းကျမ၀ယ်လာနေကျ
ဖွားဖွားကြိုက်တက်တဲ့ စပစ်သီးခြင်းတောင်းလေးကိုလက်မှာကိုင်ရင်း
ဖွားဖွားနဲ့ကျမတို့မြေးအဖွားနှစ်ယောက်အိပ်တဲ့ကုတင်လေးထက်မှာ
ကျမလေ...သဲသဲထန်ထန်ငိုကြွေးခဲ့မိတယ်.....။
ကျမပြန်လာမဲ့နေ့တွေကိုသူ့ရဲ့ရှိစုမဲ့စုမှတ်ဥာဏ်လေးနဲ့
စောင့်စားခဲ့တဲ့နေ့ရက်တွေကိုဖွားဖွားငြီးငွေ့သွားတာလား
မနက်မိုးလင်းလို့သနပ်ခါးညက်ညက်လေးလိမ်းပြီးတိုင်း
ဘုရားကိုရေချမ်းကပ်ခြင်း၊ဆွမ်းတော်တင်ခြင်း
သဇငိပန်းလှလှလေးတွေကိုကိုယ်တိုင်စိတ်တိုင်းကျတင်ခြင်း
သံဃာတော်တွေကို ဆွမ်းလောင်းခြင်းစတဲ့သူ့ရဲ့ဝေယာဝစ္စလေးတွေကို
အမြဲဝတ္တရားမပျက်လုပ်တက်တဲ့ဖွားဖွား၊
ရွာက၁နှစ်၁ကြိမ်ကျင်းပပြုလုပ်တဲ့တရားစခန်းပွဲကြီးဖြစ်မြောက်ရေးအတွက်
ဦးဆောင်ကြိုးပမ်းခဲ့သောဖွားဖွား.....
ခုလိုစိတ်သွားတိုင်းကိုယ်မပါတော့တဲ့ဘ၀ကြီးကို
ငြီးငွေ့သွားခဲ့တာလား...ဘာပဲဖြစ်ဖြစ်ကျမတို့မိသားစုလေးကိုတော့
အပြီးတိုင်နှုတ်ဆက်သွားခဲ့သည်မှာ၆နှစ်တိုင်တိုင်ရှိခဲ့ပေပြီ...။
(ကျမလူ့လောကရဲ့အကြောင်းကိုနားလည်နိုင်သောအရွယ်...)
ဖိုးဖိုးနဲ့ဖွားဖွားတို့ခေါင်းချခဲ့သောကျမ၏မွေးရပ်မြေလေးမှခွဲခွာလာခဲ့သည်မှာလဲ
အချိန်တော်တော်ကြာမြင့်ခဲ့ပြီဖြစ်သည်...။ကျမတို့မိသားစုသည် အဖိုးအဖွားတွေမရှိတော့တဲ့နောက်
မိသားစုစီးပွားရေးနှင့်ကျမ၏ရှေ့ရေးအတွက် မွေးရပ်မြေကိုအပြီးတိုင်နှုတ်ဆက်ခဲ့ကြရသည်...။
ကျမမေမေနဲ့ဖုန်းပြောသည့်အခါတိုင်း .....
'မေမေ...ဒီတစ်ခေါက်သမီးမြန်မာပြည်ပြန်လာရင်ငယ်ငယ်က
သမီးတို့အိမ်လေးမှာခဏလောက်ပြန်နေချင်တယ်'ဟု...မေ့မေ့ကိုအမြဲပူဆာဖြစ်ပါသည်။
ရင်ထဲမှာငယ်ငယ်ကအိမ်လေးကိုပြန်ရတော့မယ်ဆိုတဲ့အသိနဲ့....ကြက်သီးမွှေးညှင်းလေးများပင်ထကာ
စိတ်လှုပ်ရှားစွာခံစားမိသည်...။ကျမတို့အိမ်ကိုပြန်တဲ့အခါ.....
သေချာတာတစ်ခုကတော့...............
ပြာလွင်သောကောင်းကင်ကြီးကလဲအသက်မဲ့စွာ...
ဆီးကြိုနေရှာပေလိမ့်မည်...။
ဆီးနှင်းမြူတိမ်တို့ကလဲလွမ်းမောစွာဝေမြဲဝေနေပေဦးမည်။
ရွာထိပ်ကစမ်းချောင်းလေးသည်လည်း
တိတ်ဆိတ်ငြိမ်သက်စွာစီးဆင်းနေပေလိမ့်မည်...။
ကျန်ရစ်ခဲ့သောဘိုးဘွားပိုင်ခြံလေးသည်လည်းဝမ်းနည်းအားငယ်နေပေလိမ့်မည်....။
ဘယ်လိုပဲဖြစ်ဖြစ်ရွာနဲ့မလှမ်းမကမ်းထနောင်းပင်ကြီးအောက်က
အုတ်ဂူဖြူဖြူလေးနှစ်ခုကတော့ကျမရဲ့
လွမ်းဆွတ်ခြင်းတွေအတွက်...နွေးထွေးစွာနှစ်သိမ့်ပေးနိုင်လိမ့်မည်ဟုယုံကြည်မိပါသည်...။
(ကျမချစ်သောဖိုးဖိုးဦးသာဦးနှင့်ဖွားဖွားသန်းတို့အား တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့်
ဤစာကိုရေးသားတင်ပြပါသည်။)
စာဖတ်သူအားလုံးမျှဝေခံစားပေးနိုင်ကြပါစေဆန္ဒပြုရင်း.......
နေခြည်နုနု